Friday 5 September 2014

လေ့ကျင့်ခန်း မလိုဘဲ ကိုယ်အလေးချိန် ကျစေရန်


ကိုယ်အလေးချိန် ကျချင်ပေမယ့် လေ့ကျင့်ခန်းလုပ်ဖို့ မအားလပ်တဲ့ သူတွေအတွက် အစားအသောက် အလေ့အကျင့်ကို သတိထားရုံနဲ့ ဝိတ်ကျအောင် ကူညီပေးမယ့် နည်းလမ်းတွေကို တင်ပြလိုက်ပါတယ်။ ၁။ စွပ်ပြုတ်နဲ့ စတင်ပါ ကယ်လိုရီနည်း အစားအစာဖြစ်တဲ့ အသီးအရွက်နဲ့ ငါးကို ချက်ထားတဲ့ စွပ်ပြုတ်တစ်ခွက် သောက်ထားတဲ့ သူတွေဟာ ထမင်းစားတဲ့အခါ ကယ်လိုရီ ရယူစားသုံးမှု ၂၀ ရာခိုင်နှုန်းထိ လျော့နည်းသွားတယ်လို့ ပယ်ဆယ်ဗေးနီယား တက္ကသိုလ်ရဲ့ သုတေသန ပြုလုပ်ချက်တွေအရ သိရပါတယ်။ ဆာလောင်နေတာမျိုးလည်း မခံစားရတာကြောင့် ထမင်းမစားခင် စွပ်ပြုတ်သောက်ခြင်းဖြင့် အလေးချိန်ကျအောင် ပြုလုပ်နိုင်ပါတယ်။ ၂။ ရေများများသောက်တတ်တဲ့သူ ဖြစ်ပါစေ လူတစ်ဦးနဲ့တစ်ဦး ခန္ဓာကိုယ်က ရေလိုအပ်တဲ့ ပမာဏ မတူတာကြောင့် ရေသောက်တဲ့ နေရာမှာလည်း အနည်းငယ် ကွာခြားမှာပါ။ ပျှမ်းမျှအားဖြင့်တော့ တစ်နေ့ကို ရေ ၆၄ အောင်စ ရရှိဖို့ လိုအပ်တယ်လို့
သိရပါတယ်။ ရေများများသောက်တာဟာ အစာအိမ်ကို ရေတွေနဲ့ ပြည့်နေစေပြီး မလိုအပ်တဲ့ ကယ်လိုရီကို ဖယ်ရှားပြီးသား ဖြစ်နေမှာပါ။ ၃။ အနီရောင်၊ လိမ္မော်ရောင်နဲ့ အစိမ်းရောင် စည်းမျဉ်းထားပါ နေ့စဉ်စားတဲ့ အစာတွေထဲမှာ ဒီအရောင်တွေ ပါပါစေ။ အနီရောင်၊ လိမ္မောရောင်နဲ့ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက် သစ်သီးတွေဟာ သင်စားတဲ့ ပန်းကန်ထဲမှာ အမြဲ ပါဝင်နေမယ် ဆိုရင်တော့ ကယ်လိုရီတွေ ကင်းဝေးတဲ့ အစာတွေ စားနေရတယ်ဆိုတာ သေချာနေပါပြီ။ အရောင်အသွေးစုံတဲ့ ဟင်းသီးဟင်းရွက်တွေ စားလေလေ၊ ပိုမို သက်ရှည်ကျန်းမာပြီး အသားအရည် ကြည်လင်တောက်ပလေ ဖြစ်ပါတယ်။ ၄။ ဆားစားတဲ့ အကျင့်ကို ရှောင်ပါ ဆားဟာ ကိုယ်အလေးချိန် တက်စေပြီး ပြန်ကျအောင် လုပ်တဲ့နေရာမှာ အနှောင့်အယှက် ဖြစ်စေတယ်ဆိုတာ သိပါသလား။ အမေရိကန်မှ တစ်နေ့ကို ဆားပုံမှန်ထက် နှစ်ဆ စားသုံးတဲ့ သူတွေကို လေ့လာကြည့်ရာ လေပွတာ၊ အလေးချိန် တက်လာတာ၊ ဗိုက်အဆာမြန်တာ၊ ရေငတ်တာတွေကို ခံစားရတယ်လို့ သိရပါတယ်။ ဒါကြောင့် မျက်နှာတွေ ဖောင်းလာမယ်၊ ဗိုက်ခေါက်တွေ ထွက်လာပြီ ဆိုရင်တော့ ဆားအများကြီး စားတာထက် သဘာဝ အသီးအရွက်တွေကိုသာ ရွေးချယ် စားသုံးတတ်အောင် အလေ့အကျင့် လုပ်သင့်ပါတယ်။ ၅။ ငရုတ်သီးစားပါ ငရုတ်သီးဟာ ဆာလောင်ခြင်းကို တားဆီးပေးတဲ့အပြင် ဦးနှောက်ကနေ အန်ဒိုဖင်းဟော်မုန်း ထုတ်လုပ်ပေးတာကို ဟန့်တားတာကြောင့် အစားတွေ အများကြီး စားမိတာမှ ကာကွယ်ပြီးသား ဖြစ်သွားတယ်လို့ နယူးယောက်တက္ကသိုလ် လေ့လာချက်တွေအရ သိရပါတယ်။ ၆။ ဇွန်းအစား တူကို အသုံးပြုပြီး စားပါ တူနဲ့စားတာကြောင့် အစားအစာတွေကို ယူတဲ့အခါ ပြုတ်မကျအောင် အာရုံစိုက်နေရလို့ အစာစားတာ နည်းသွားပါတယ်။ တူနဲ့ ညှပ်ယူတဲ့ ပမာဏကလည်း နည်းတဲ့အတွက် စားတဲ့အကြိမ် များတယ်လို့ ထင်ရပြီး ရင်ပြည့်စေကာ အစာထပ်မစားမိတော့ပါဘူး။

0 comments:

Post a Comment